သနွေတားဆေးသုံးကြပါ

ပထမအမျိုးအစားကတော့ ရောဂါလက္ခဏာတစ်ခုခုရှိ၍ လာပြတဲ့လူနာအုပ်စု၊ နောက်အမျိုးအစားကတော့ တိုးတိုးတိတ်တိတ် အကြောင်းအရာများကို ဆွေးနွေးချင်တဲ့အုပ်စု ဆိုပြီး ရှိပါတယ်။ ပထမအမျိုးအစားလူနာများရောက်လာပါက ၎င်းတို့တွင်ရောဂါလက္ခဏာတစ်ခုရှိ၍ လက္ခဏာပေါ်မူတည်၍ လိုအပ်တယ့် ကုသခြင်း၊ ရောဂါရှာဖွေခြင်း များပြုလုပ်၍ ရပါတယ်။ ဒုတိယအမျိုးအစားမှာတော့ အထက်ပါကုသခြင်းများအပြင် လူနာ၏ လူမှုရေးပြဿနာများကိုပါ စဉ်းစားနားထောင်ရသည်များရှိလေ့ရှိပါတယ်။

ဒုတိယအမျိုးအစားများအနက် အများဆုံး လာရောက်ဆွေးနွေးကြသည်မှာ လူငယ်ဘဝ သမီးရည်းစားကိစ္စ၊ ကိုယ်ဝန်ကိစ္စ၊ သန္ဓေတားဆေးကိစ္စများ ဖြစ်လေ့ရှိပါတယ်။ ထိုပြဿနာများ လာရောက်ဆွေးနွေးသည့်အခါ အချိန်လွန်မှ ရောက်ရှိလာသည်ကို အများဆုံး ကြုံတွေ့ရလေ့ရှိတယ်။ အထူးသဖြင့် ကိုယ်ဝန်ရှိနေပြီးမှ ရောက်လာတတ်ပါတယ်။

ဒါဘယ်လိုကြောင့်ဖြစ်တာလဲ။ ကိုယ်ဝန်တားလို့ရတာကို မသိလို့လား။
ကျွန်တော်တို့ မြန်မာနိုင်ငံ ဥပဒေအရ ကိုယ်ဝန်ရပြီးလျှင် ဖျက်လို့မရပါ။ ကိုယ်ဝန်ဖျက်ချပါက ရာဇဝတ်မှုမြောက်ပါတယ်။ ကိုယ်ဝန်ဖျက်ခြင်းကို ဖမ်းမိပါကလည်း ကိုယ်ဝန်ဖျက်ရန် တိုက်တွန်းသူ၊ ဖျက်ချပေးသူ၊ ဖျက်ချမှု ခံယူသူအားလုံး ထောင်ဒဏ်အသီးသီးကျပါတယ်။ ဒါကြောင့်အများစုက ကိုယ်ဝန်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားမဝင်နည်းလမ်းတွေ အသုံးပြုပြီး ဖျက်ချဖို့ ကြိုးစားကြပြန်တယ်။ အခုလို ပြုလုပ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ နည်းစနစ်မှန်မှန်ဖျက်ချခြင်း မဟုတ်ခြင်းကြောင့်သော်လည်းကောင်း၊ ပြုလုပ်ပေးသူ၏ မကျွမ်းကျင်မှုကြောင့်သော်လည်းကောင်း၊ အသုံးပြုသည့်ပစ္စည်းများ မသန့်ရှင်းသောကြောင့်သော်လည်းကောင်း၊ သားအိမ်ပိုးဝင်၍ရောင်ခြင်း၊သွေးထွက်လွန်ခြင်း၊ သားအိမ်ဒဏ်ရာရသွားခြင်း၊ သန္ဓေသားလောင်း သားအိမ်ထဲတွင် ကျန်နေခြင်း၊ ကိုယ်ဝန်နောက်ထပ်မရနိုင်ခြင်း စသည့် နောက်ဆက်တွဲပြဿနာများ အပြင် အဆိုးဆုံးအနေဖြင့် အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့သောဖြစ်ရပ်များသည် အမှန်တကယ်ဖြစ်ပျက်နေသော ကိစ္စများဖြစ်သည့်အပြင် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အမှားတစ်ခုကြောင့် လူဘဝကို စွန့်ခွာသွားရသည်မှာ မဖြစ်သင့်ပါ။ မိဘများအတွက်၊ နိုင်ငံအတွက် အဖိုးတန်သည့် လူငယ်လူရွယ်များဆုံးရှုံးရခြင်းဖြစ်၍ အလွန်နစ်နာစရာကောင်းလှပါတယ်။
ကိုယ်ဝန်ကလည်း ဖျက်ချလို့မရ။ လူငယ်ဘဝ ဓမ္မတာကြောင့် ဟောမုန်းထကြွသောင်းကြမ်း၍ မှားမိသည်ကို အပြစ်ပြော၍မရ။ ဒါဆိုဘယ်လိုလုပ်ကြမလဲ ဆိုပြီး ဆရာလည်းစဉ်းစားတယ်…… စဉ်းစားနေရင်းနဲ့ပဲ အဖြေရလာပါတယ်။ “မီးဘေးရှောင် မလာခင်တား” ဆိုတယ့် ဆိုရိုးအတိုင်းပဲ မဖြစ်ခင်တားဆီးခြင်းက အကောင်းဆုံးဆိုတာစဉ်းစားမိတယ်။ ကလေးတွေကို ကိုယ်ဝန်မရအောင်တားလို့ရတယ်ဆိုတယ့် အသိရအောင်လုပ်ပေးမယ်ဆိုပြီး ဒီဆောင်းပါးကိုရေးဖြစ်ခဲ့တယ်။

ကဲ…. စာဖတ်သူတို့ရေ….
ကိုယ်ဝန်ဆိုတာ ယောကျာ်းလေးနဲ့ မိန်းကလေး အတူတူနေတဲ့အခါ ယောကျာ်းလေးစီက သုတ်ပိုးတွေက မိန်းကလေးရဲ့ မမျိုးဥနဲ့ထိတွေ့မှ ဖြစ်တည်လာတာပါ။ ဒါဆို စဉ်းစားကြည့်ရအောင်။ ယောကျာ်းတွေရဲ့ သုတ်ပိုးကိုမမျိုးဥနဲ့မတွေ့အောင်တားဆီးနိုင်လျှင်ဖြစ်စေ ဒါမှမဟုတ် အမျိုးသမီးရဲ့မျိုးဥ မကြွေအောင် ပြုလုပ်နိုင်လျှင်ဖြစ်စေ ကိုယ်ဝန်ရမှာ မဟုတ်တော့ဘူး။ဟုတ်တယ်မလား။

ဒါဆို ပထမဆုံးအနေနဲ့ ယောကျာ်း သုတ်ပိုးကိုတားရအောင်။
၁။ သုတ်ပိုးကို မိန်းမကိုယ်ထဲတွင်မဟုတ်ပဲ ထွက်ခါနီးတွင် ပြင်ပသို့ထုတ်သည့်နည်းလည်း (Withdrawal Method) – အလွန်အန္တရာယ်များတဲ့ နည်းလမ်းဖြစ်တယ်။ ကိုယ်ဝန်ရနိုင်ချေများပါတယ်။
၂။ အတူတူနေတဲ့အခါ ကွန်ဒုံးအသုံးပြုသည့် နည်းလမ်း (Condom) – အမျိုးသားကွန်ဒုံး နှင့် အမျိုးသမီးကွန်ဒုံးဟူ၍ နှစ်မျိုးရှိပါတယ်။ စနစ်တကျအသုံးပြုပါက အလွန်ထိရောက်တဲ့နည်းလမ်းပါ။ ဈေးလည်းသက်သာတယ်။ ဟောမုန်း (Hormone) မပါဝင်၍ ၎င်း၏နောက်ဆက်တွဲဆိုးကျိုးများ မခံစားရနိုင်ပါ။
၃။ သားအိမ်ထဲထည့်သည် ကိရိယာဖြင့် သန္ဓေတားခြင်း (Intrauterine contraceptive device) – သားအိမ်ထဲတွင် ထည့်ထားသည့် ကိရိယာကြောင့် သုတ်ပိုးများသေခြင်း၊ သုတ်ပိုးများ မမျိုးဥစီသွားရသည့် ခရီးလည်းကြမ်းတမ်းအောင် ပြုလုပ်ခြင်းဖြင့် တားဆီးပါတယ်။
၄။ ယောကျာ်းသုတ်ပိုးပြွန်ကိုဖြတ်ထားသည့်နည်းလမ်း (Male Sterilization) – 100% ကလေးမရနိုင်ပါ။ ကလေးမယူတော့မည် သေချာမှ ပြုလုပ်သင့်ပါတယ်။

ဒါဆို…. ဒီတစ်ခါ မမျိုးဥကို တားရအောင်။
အောက်ပါနည်းလမ်းများသည် ဟော်မုန်းကိုအသုံးပြု၍ မမျိုးဥ မကြွေအောင်ပြုလုပ်ခြင်းဖြင့် ကိုယ်ဝန်ကို တားပေးတာပါ။

၁။ အရေးပေါ်သန္ဓေတားဆေး (Emergency Contraception) – ယခုအခါ ဆရာဝန်လက်မှတ်ပါမှ ဝယ်လို့ ရပါတယ်။ အတူတူနေပြီး အမြန်ဆုံးသောက်နိုင်လျှင် အာနိသင် အကောင်းဆုံးပါ။ အတူတူနေပြီး ၃ ရက်အတွင်းသောက်နိုင်ပါတယ်။
 

၂။ နေ့စဉ်သုံး သန္ဓေတားဆေးကဒ် ( Combined Oral Contraceptive Pill) – ဈေးချိုတယ်။ လူသုံးများတယ်။ တစ်နေ့တစ်လုံးမှန်မှန်သောက်ဖို့လိုတယ်။ မေ့တော့မမေ့နဲ့နော်။ မေ့ရင်ကလေးရသွားနိုင်ပါတယ်။

၃။ သုံးလခံဆေးထိုးခြင်း (Depo) – သုံးလခံတယ်။ မေ့တတ်သူအတွက် အရမ်းအသုံးဝင်တဲ့နည်းလမ်းပါ။

၄။ လက်မောင်းထဲထည့်သည့် သန္ဓေတားပစ္စည်း (Implanex) – ၃ နှစ်မှ ၅နှစ်ထိခံပါတယ်။ ကြာရှည်တားခြင်သူများအတွက် အထူးသင့်လျော်ပါတယ်။

အနှစ်ချုပ်အနေဖြင့် ဆရာပြောချင်တာက မည်သည့်အချိန်တွင်မဆို အတူတူနေမည့် အချိန်ရောက်တိုင်း ကိုယ်ဝန်ရနိုင်တယ်ဆိုတာကို စဉ်းစားပါ။ ဆရာပြောပြထားတယ့် ကာကွယ်နည်းတစ်ခုခုသုံးပါ။

တစ်ခါလေးပါဆိုပြီး မသုံးပဲမနေပါနဲ့။ တစ်ခါတည်းနဲ့ ဒုက္ခရောက်သွားသူတွေ အများကြီးပါ။

ဒီဆောင်းပါးဖတ်ပြီး အသိပညာတွေရ၍ အတူတူနေမည်ဟုကြံတိုင်း သန္ဓေတားဆေးသုံးကြမယ်ဆိုလျှင် ဒီဆောင်းပါးကို ဆရာရေးရကျိုးနပ်ပါတယ်။…….. ရွှင်လန်းချမ်းမြေ့ကြပါစေ။

✅ ဆရာဝန်နှင့် ဆွေးနွေးရန် နှိပ်ပါ – http://bit.ly/2Tr7j8s

Page views: 1,666

Healthy Organization, provided by MyHealthcare

Featured on