သင်ဟာကားမူးတက်သူတစ်ယောက်ဆို...

ကားမူးတာက လူတော်တော်များများ ကြုံလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

ကားမူးတဲ့ အကြောင်းရင်းက မျက်လုံးနဲ့ အတွင်းနားတို့ ဟန်ချက်မညီမျှမှုကြောင့် ဖြစ်ပါတယ်။

အတွင်းနားက ခန္ဓာကိုယ်ကရွေ့လျားနေတယ်လို့ ဦးနှောက်ကို သတင်းပို့တယ်။

ဒါပေမဲ့ မျက်လုံးက ခန္ဓာကိုယ်က ရွေ့လျားမှုမရှိဘူးလို့ ပြောတယ်။ ဒီလို မတူညီတဲ့ သတင်းပေးပို့မှုတွေကြောင့် ကားမူးရခြင်းဖြစ်ပါတယ်။

ကားစီးတဲ့အခါ မူးဝေအော့အန်တတ်တဲ့သူတွေက ကားမူးတာကို သက်သာစေမယ့်နည်းလမ်းတွေနဲ့ မဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းတွေကို သိထားသင့်ပါတယ်။

- လတ်ဆတ်တဲ့လေကို ရှူလိုက်ပါ။

လတ်ဆတ်တဲ့လေက ကားမူးခြင်းကို သက်သာစေပါတယ်။ ကားပြတင်းပေါက်ကို ဖွင့်လိုက်ရုံနဲ့ မရရင် ကားပေါ်က ခဏဆင်းပြီး လတ်ဆတ်တဲ့လေကိုရှူလိုက်ပါ။

- မြင်ကွင်းကို ပိတ်ထားပါ။

တခါတလေမှာ ကားအပြင်က ရွေ့လျားမှုကြောင့် ကားမူးခြင်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကားသွားနေတုန်းမှာ မျက်စိကို မှိတ်ထားခြင်း၊ နေကာမျက်မှန်တပ်ထားခြင်း၊ အိပ်တဲ့အခါသုံးတဲ့ မျက်နှာဖုံးကို တပ်ထားခြင်းက ပြင်ပမြင်ကွင်းတွေကို မမြင်ရတဲ့အတွက် ကားမူးသက်သာစေပါတယ်။

- ဂျင်းပါတဲ့အစာတစ်ခုခု စားလိုက်ပါ

ဂျင်းကို ပါးစပ်ထဲတွင် ငုံထားခြင်း၊ ဝါးစားလိုက်ခြင်း၊ ဂျင်းပါတဲ့ ဖျော်ရည်၊ ကွတ်ကီး တစ်ခုခုကို စားပေးရင် ကားမူးတာ သက်သာနိုင်ပါတယ်။

ကိုယ်က ကားမူးတတ်တဲ့သူတစ်ဦးဆိုရင် ကားမစီးခင်ကတည်းက ဂျင်းပါတဲ့စားစရာတစ်ခုခုကို အသင့်ဆောင်ထားသင့်ပါတယ်။

- အစိုဓာတ်မပါတဲ့ မုန့်ခြောက်လို၊ဘီစကစ်လို ခြောက်တဲ့အရာတစ်ခုခုစားပါ

ခြောက်သွေ့တဲ့ စားစရာက အစာအိမ်ထဲက ထွက်လာတဲ့ ပိုနေတဲ့ အက်ဆစ်တွေကို စုပ်ယူပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

- လက်ကောက်ဝတ်ကို ဖိထားပေးပါ

လက်ကောက်ဝတ်က သွေးခုန်တဲ့ နေရာကို ၁၀ စက္ကန့်လောက်ဖိထားပေးမယ်ဆိုရင် ကားမူးတာကို သက်သာစေတတ်ပါတယ်။

သွေးခုန်တဲ့နေရာမှာ စာရွက်/ဂွမ်းလုံးလေး တစ်ခုခုကို ခံပြီး လက်ကောက်ဝတ်ကို ပတ်တဲ့ လက်ပတ်တစ်ခုနဲ့ စည်းထားလိုက်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

ကားမူးတတ်သူတွေအနေနဲ့ ကားမစီးခင်ကတည်းက မူးဝေအော့အန်ခြင်းမဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလေးတွေလည်းရှိပါတယ်။

ကားစီးခါနီးမှာ ဗိုက်ကို ပြည့်အင့်အောင် မစားထားသင့်သလို ဘာမှမစားထားဘဲလည်း မနေသင့်ပါဘူး။

ပြီးတော့ အရမ်းစပ်တဲ့ အစာနဲ့ အရမ်းအဆီများတဲ့ အစာတွေကို ရှောင်ထားရပါမယ်။

- လှုပ်ရှားမှုအနည်းဆုံးနေရာမှာထိုင်ပါ

ရွေ့လျားမှုနဲ့ အမြင် မညီညွတ်တာက ကားမူးခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်တဲ့အတွက် ကားမူးတတ်သူတွေအနေနဲ့ ရွေ့လျားမှုအနည်းဆုံးဖြစ်တဲ့ ကားရှေ့ခန်းမှာ ထိုင်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

- ကားပေါ်မှာ မျက်စိသုံးပြီး အာရုံစိုက်ရမယ့်အလုပ်မျိုး မလုပ်ပါနဲ့

ကားကရွေ့လျားနေတဲ့အတွက် စာဖတ်တာ၊ ဖုန်းသုံးတာတွေက အာရုံစိုက်ဖို့ ခက်ခဲစေပြီး မူးဝေစေတာ ဖြစ်ပါတယ်။

- ဂျင်းပါတဲ့ အစာ/ဆေးတစ်ခုခုကို စားထားပါ ။

ကားမစီးခင် မိနစ် ၂၀ လောက်အလိုကတည်းက ဂျင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရေတစ်ဖန်ခွက်ရောပြီးသောက်ထားတာမျိုး၊ ဂျင်းပါတဲ့ သကြားလုံး၊ကွတ်ကီးတစ်ခုခု စားထားတာမျိုးတွေလုပ်ထားသင့်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/32rbBx8
----------------------------------------
www.myhealthcare.com.mm

Page views: 594

Healthy Organization, provided by MyHealthcare

Featured on