မပေါ့ဆသင့်တဲ့ ဆင်တုတ်ကွေးရောဂါအကြောင်း

အခုလို မိုးတွင်းကာလမှာ အဖြစ်များလေ့ရှိတဲ့ ရာသီပေါ်တုပ်ကွေးအပြင် နောက်ထပ် အဖြစ်များတာ တခုကတော့ ဆင်တုပ်ကွေးရောဂါပဲ ဖြစ်ပါတယ်။ ဆင်တုပ်ကွေးလို့ခေါ်တဲ့ ရောဂါကို ၁၉၅၂ ခုနှစ်လောက်မှာ အာဖရိကနိုင်ငံတွေမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းကာလတွေမှာတော့ အာရှနိုင်ငံတွေထိပါ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

ဆင်တုပ်ကွေးဟာ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတို့လိုပဲ ခြင်ကိုက်ရာကနေတဆင့် ကူးစက် ပြန့်ပွားတဲ့ ရောဂါတမျိုးဖြစ်ပြီး လူတဦးကနေ တဦးကို ထိတွေ့ခြင်းအားဖြင့် ကူးစက်တာမျိုး မဖြစ်စေနိုင်ပါဘူး။

ဆင်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သတိပြုရမယ့် အချက်တခုကတော့ တုပ်ကွေးကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ဆင်တုပ်ကွေးရောဂါကို မကာကွယ်နိုင်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးဟာ ရိုးရိုး ရာသီပေါ်တုပ်ကွေးကိုသာ ကာကွယ်ပေးနိုင်ပြီး ဆင်တုပ်ကွေးရောဂါကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးဟာ လက်ရှိအချိန်အထိ မပေါ်သေးပါဘူး။

ဒါကြောင့်မို့လို ဆင်တုပ်ကွေးရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ ခြင်ကိုက်မခံရအောင် နေဖို့နဲ့ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကို သန့်ရှင်းရေးပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။

ဆင်တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တာကြောင့် သာမန် ပဋိဇီဝဆေးတွေ သောက်သုံးရုံနဲ့ မပျောက်ကင်းနိုင်ပါဘူး။ ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်ကိုက်ခံရပြီး ၃ ရက်ကနေ ၅ ရက်အတွင်း ချမ်းတုန်ခြင်း၊ အဆစ်အမြစ်တွေ အလွန်အမင်း နာကျင်ကိုက်ခဲခြင်း၊ ကြွက်သား နာကျင်ခြင်း၊ ခေါင်းကိုက်မူးဝေခြင်း၊ ကိုယ်အပူချိန် တက်ခြင်း၊ ခန္ဓာကိုယ် အရေပြားမှာ အနီစက်တွေ ထခြင်း စတာတွေ ဖြစ်ပေါ်နိုင်ပြီး အဖျားဟာ အနည်းဆုံး ၃ ရက်ကနေ အများဆုံး ၁၀ လောက်အထိ ကြာနိုင်ပါတယ်။

ဆင်တုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေးမှာ ဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိပေမယ့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဆီးချို၊ နှလုံးရောဂါ ရှိသူတွေမှာတော့ ရောဂါဖြစ်ပွားတဲ့အခါ သာမန်လူတွေထက် ပိုခံစားရနိုင်တာကြောင့် သတိပြုသင့်ပါတယ်။

မိမိသဘောနဲ့ ဆေးသောက်ခြင်းထက် ဆရာဝန်နဲ့ ကုသမှုခံယူပြီး အိပ်ရေးဝဝ အိပ်စက်ခြင်း၊ အစာ အာဟာရ ပြည့်ဝအောင် စားသောက်ခြင်း၊ ရေ၊ ဓာတ်ဆား စတဲ့ အရည်တွေ သောက်သုံးခြင်းတို့ကို ပြုလုပ်ပြီး ရောဂါသက်သာအောင် ကုသနိုင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 1,866

Healthy Organization, provided by MyHealthcare

Featured on