ခံတွင်းထဲက အပူနာလေးများအကြောင်း

ခံတွင်းထဲမှ အပူနာလေးများ မကြာခဏ ပေါက်ဖူးကြပါလိမ့်မည်။ လျှာ၊ ပါးစောင်၊ အပေါ်အောက်နှုတ်ခမ်း အတွင်းဘက်တို့မှာ အဖြစ်များတတ်ပါသည်။ နှစ်ရက် သုံးရက်ခန့်နာပြီး တစ်ပတ်အတွင်း ပျောက်သွားတတ်ကြသည်။ ထိုအနာလေးများကို
မြန်မာများက အပူနာဟုခေါ်ပြီး မိမိခန္ဓာကိုယ်အတွင်း အပူအပုပ်များ၍ ဖြစ်သည်ဟု ယုံကြည်ကြပါသည်။ မြန်မာဘယဆေးများဖြစ်သည့် အပူကျဆေး၊ ဝမ်းနှုတ်ဆေးများ သုံးစွဲတတ်ကြပါသည်။

အနောက်တိုင်း ဆေးပညာအနေဖြင့် Aphthous Ulcer ဟုခေါ်သည်။ မိမိတို့၏ ခန္ဓာကိုယ်အမြှေးပါး Mucosa ပေါ်တွင် တစ်ခုခု ထိခိုက်မိလျှင် သော်လည်းကောင်း၊ Cell ကလာပ်စည်းများ ပျက်စီးခြင်းကြောင့် သော်လည်းကောင်း၊ မိမိခန္ဓာကိုယ်နှင့် Autoimmune Recation ဖြစ်ပြီး ထို Ulcer လေးများ ဖြစ်ပေါ်လာတတ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ထို Ulcer (အပူနာလေးများ) ဖြစ်တတ်ပါသည်။

(၁) မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း၊

(၂) စိတ်ဖိစီးမှု များသောကြောင့်သော်လည်းကောင်း၊

(၃) မာသော၊ ကြမ်းသော အစားအစာများစား၍ ခံတွင်းအမြှေးပါး ထိခိုက်မိသည့်အခါတွင် လည်းကောင်း၊

(၄) လျှာပါးစောင်ကို မတော်တဆ ကိုက်မိသည့် အခါသော်လည်းကောင်း၊

(၅) ချွန်ထက်သည့်သွားများ၊ ပဲ့နေသည့်သွားများနှင့်ထိခိုက်မိသည့်အခါတွင်လည်းကောင်း၊

(၆) ချွန်ထက်သည့် စိုက်သွားအတုများ၊ ကျိုးနေသည့် အာကပ်များ၊ ကျိုးနေသည့် Bridge အသေစိုက်သွားများကြောင့်သော်လည်းကောင်း၊

(၇) ခန္ဓာကိုယ်အပူချိန်တက်၍ ဖျားနေသောအခါများတွင်လည်းကောင်း၊

(၈) သွေးနှင့်ပတ်သက်သော ရောဂါများဖြစ်သည့်အခါတွင်လည်းကောင်း၊

(၉) ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်ကုသမှု (Radiotherapy) နှင့် ဓာတ်ဆေးကုသမှု (Chemotherapy) ခံယူရသည့်အခါ များတွင်လည်းကောင်း၊

(၁၀) HIV ကဲ့သို့သော ကိုယ်ခံစွမ်းအား ကျဆင်းသည့်ရောဂါ ခံစားနေရသည့် အခါတွင်လည်းကောင်း၊

အထက်ပါ အခြေအနေများတွင် ထိုအပူနာလေးများ ခံတွင်းတွင် ပေါက်လေ့ရှိပါသည်။ “အနာသိလျှင် ဆေးရှိ” ဆိုသော မြန်မာဆိုရိုးစကားရှိပါသည်။ ဆေးအနေနဲ့ phenolic Acid နှင့် Glycerin ရောထားသည့် ဆေးကို အနာပေါ်တွင် တို့ပေးခြင်းဖြင့် ထိုအနာလေးများ ပျောက်သွားလေ့ရှိပါသည်။ အထက်ပါဆေးများ ရှေးဟောင်းကုထုံးဖြစ်ပါသည်။ ယခုအခါ Kenalog in Orabase ဆေးကို အနာပေါ်တွင် တင်ပေးခြင်းဖြင့် နှစ်ရက်သုံးရက်အတွင်း ပျောက်ကင်းစေနိုင် ပါသည်။ တစ်နေ့ကို သုံးကြိမ်ခန့် တင်ပေးရန်လိုအပ်ပါသည်။

ပါးစပ်အတွင်းရှိ Mucosa ပေါ်တွင် ဆေးအာနိသင်ပြနိုင်သော ဆေးတစ်မျိုးဖြစ်ပါသည်။ အရေးကြီးသည့်အချက်မှာ ထိုအပူနာများ မကြာခဏပေါက်ပြီး တစ်ခုနှင့်တစ်ခုဆက်ကာ အနာကြီးများဖြစ်လာပါက နီးစပ်ရာဆရာဝန်၊ သွားဆရာဝန်များထံ အမြန်ပြသစစ်ဆေးရန် လိုအပ်ပါသည်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2KN0JSv
----------------------------------------
www.myhealthcare.com.mm

Page views: 2,901

Healthy Organization, provided by MyHealthcare

Featured on