အမျိုးသမီးများ မောပန်း နုံချည့်ရသည့် အကြောင်းအရင်းများ

အမျိုးသမီးများ မောပန်း နုံးချည့်ရသည့် အကြောင်းရင်းများ

အမျိုးသမီးတွေ ခံစားရတဲ့ ထိပ်တန်း ကျန်းမာရေးဝေဒနာ ငါးခုမှာ မောပန်းနုံးချည့်တာက တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ အမျိုးသမီးတွေက မကြာခဏ မောပန်း နုံးချည့်နေရတဲ့ အကြောင်းရင်း တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) သိုင်းရွိုက် ပြဿနာများ

လည်ပင်းမှာ သိုင်းရွိုက်လို့ ခေါ်တဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းငယ်ကနေ ဟော်မုန်းတွေ ထုတ်ပြီး ခန္ဓာကိုယ်က စွမ်းအင်ရဖို့ လောင်စာတွေကို ဘယ်လို အသုံးချရမယ်ဆိုတာကို ထိန်းညှိပေးပါတယ်။ သိုင်းရွိုက်က အလုပ် လုပ်လွန်တာ ဒါမှမဟုတ် ချို့ယွင်းနေတာကြောင့် သင့်အနေနဲ့ အိပ်ငိုက်တဲ့ ခံစားချက်ကို တစ်ချိန်လုံး ဖြစ်နေနိုင်ပါတယ်။ သိုင်းရွိုက်ပြဿနာတွေက အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

► ဘာလုပ်သင့်သလဲ

သိုင်းရွိုက် ဟော်မုန်းပမာဏနဲ့ သိုင်းရွိုက်အကျိတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို သိနိုင်ဖို့ စစ်ဆေးမှုခံယူပြီး လိုအပ်သလို ကုသမှုကို ပြုလုပ်သင့်ပါတယ်။

(၂) နှလုံးရောဂါ

နှလုံးရောဂါကို အမျိုးသားတစ်ဦးရဲ့ရောဂါလို့ ထင်နေကြပါတယ်။ တကယ်တော့ နှလုံးရောဂါက အမျိုးသမီးတွေအတွက် ပြင်းထန်တဲ့ရောဂါ ဖြစ်ပါတယ်။ အမေရိကန်နှလုံးကျန်းမာရေး အဖွဲ့အစည်းအရ အမေရိကန်အမျိုးသမီးတွေရဲ့ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ တခြား နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးနိုင်ခြေက ကင်ဆာရောဂါနဲ့ သေဆုံးနိုင်ခြေထက် နှစ်ဆနီးပါး ပိုမြင့်မားကြောင်း သိရပါတယ်။ နှလုံးရောဂါရှိတဲ့အခါ နှလုံးကနေ သွေးကို အလုံအလောက် မညှစ်ထုတ်နိုင်တော့တာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးအနံှ့ သွေးရောက်ရှိမှု နည်းကာ မောပန်းနုံးချည့်မှု အဖြစ် များရပါတယ်။

► ဘာလုပ်သင့်သလဲ

အဝလွန်တာ၊ သွေးတိုးတာနဲ့ နှလုံးရောဂါမျိုးရိုး ရှိတာစတဲ့ နှလုံးရောဂါဖြစ်နိုင်တဲ့ အချက်တွေသာ သင့်မှာရှိခဲ့ရင် နှလုံးကျန်းမာရေး စစ်ဆေးမှုကို ခံယူသင့်ပါတယ်။

(၃) ဗီတာမင်ဒီ ချို့တဲ့ခြင်း

လူတွေ ဗီတာမင်ဒီ ချို့တဲ့ရတဲ့ အဓိကအကြောင်းရင်းက နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းပါးလွန်းတာကြောင့်ပါ။ နွားနို့ကို မသောက်တာနဲ့ အသားအရောင် ရင့်လွန်းတာတွေကလည်း ဗီတာမင်ဒီကို နည်းပါးစေပါတယ်။ တချို့လူတွေအနေနဲ့ သူတို့ရဲ့ အစာခြေလမ်းကြောင်းက ဗီတာမင်ဒီကို ကောင်းကောင်း မစုပ်ယူနိုင်တာကြောင့်လည်း ဗီတာမင်ဒီ ချို့တဲ့တတ်ပါတယ်။ ဗီတာမင်ဒီ ချို့တဲ့တာက နာတာရှည် မောပန်း နုံးချည့်တာကို ဖြစ်စေနိုင်သလို အရိုးတွေရဲ့ သန်စွမ်းမှုကိုလည်း လျော့နည်းစေပါတယ်။

► ဘာလုပ်သင့်သလဲ

သင့်အနေနဲ့ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်ဒီပမာဏကို ရရှိမှု ရှိ၊ မရှိ သိအောင် စစ်ဆေးမှုကို ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ မလုံလောက်ရင် ဖြည့်စွက်ဆေးကို မှီဝဲပါ။ ၂၀၁၁ လမ်းညွှန်ချက်အရ လူကြီးတစ်ဦးဟာ တစ်နေ့မှာ ဗီတာမင်ဒီ ၆၀၀ အိုင်ယူ လိုအပ်တယ်လို့ သိရပါတယ်။ အသက် ၇၁ နှစ်ကျော်သူတွေအနေနဲ့ တစ်နေ့မှာ ဗီတာမင်ဒီ ၈၀၀ အိုင်ယူလောက် လိုအပ်ပါတယ်။

(၄) သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါ

သွေးတွေက သင့်ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင် အလုံအလောက် မသယ်ဆောင်နိုင်ရင် မောပန်း နုံးချည့်နေနိုင်ပါတယ်။ သွေးအားနည်းတာက ရာသီလာစဉ်အတွင်း သွေးထဲကနေ သံဓာတ်များများ ဆုံးရှုံးတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

► ဘာလုပ်သင့်သလဲ

သွေးထဲမှာ သံဓာတ်ချို့တဲ့မှု ရှိ၊ မရှိ သိနိုင်အောင် သွေးစစ်ဆေးမှုကို ပြုလုပ်ပါ။ ချို့တဲ့နေရင် သံဓာတ်အားဖြည့်ဆေးကို မှီဝဲပေးပါ။

(၅) အိပ်ရေးပျက်ခြင်း

အလုပ်၊ မိသားစုနဲ့ တခြားလူမူရေးကိစ္စတွေကို ဆောင်ရွက်နေရချိန်မှာ ညတိုင်း ရှစ်နာရီလောက် အချိန်ပေးပြီး အိပ်စက်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ အမျိုးသမီးအများစုက အလုပ်ရှုပ်လွန်းတဲ့ နေထိုင်မှုပုံစံတွေ ရှိတာကြောင့် အိပ်ချိန် အလုံအလောက်ရဖို့ သိပ်မလွယ်ပါဘူး။ အဲဒီလို အိပ်ရေးမဝတာကြောင့် မောပန်း နုံးချည့်နေတတ်ပါတယ်။

► ဘာလုပ်သင့်သလဲ

အိပ်ရေးဝဝ အိပ်ပျော်အောင် နူးညံ့တဲ့ တေးသီချင်းတွေကို ဖွင့်ပြီး နားဆင်ပါ။ ခေါင်းအုံးပေါ်ကို လာဗန်ဒါရနံ့ဆီ ဆွတ်ပေးပြီး နာ့ဗ်ကြောစနစ် ငြိမ်သက်ပြီး အပန်းပြေအောင် လုပ်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည် ဒါမှမဟုတ် ချာမိုမိုင်း လက်ဖက်ရည် သောက်ပြီး ပူပင်သောကကို လျှော့ချပါ။ အိပ်ရာထဲမှာ တလူးလူး တလိမ့်လိမ့်နဲ့ အိပ်မပျော်နိုင် ဖြစ်နေရင် ထပြီး လမ်းလျှောက်ကာ တခြား အပန်းပြေမယ့် အလုပ်မျိုး လုပ်လိုက်ပါ။ ၁၅ မိနစ်လောက်ကြာမှ အိပ်ရာထဲ ပြန်ဝင်ပါ။

(၆) အိပ်ပျော်နေစဉ် ခေတ္တ အသက်ရှူရပ်သွားခြင်း

သင်အိပ်တဲ့အခါ ထွက်လာတဲ့ ဟောက်သံက လွှဖြတ်သလိုပဲလို့ သင့်ခင်ပွန်းက စနောက်လေ့ ရှိပါသလား။ ဟောက်တာက ရယ်စရာကိစ္စတော့ မဟုတ်ပါဘူး။ အိပ်ပျော်နေစဉ်မှာ ခေတ္တ အသက်ရှူရပ်သွားတဲ့ လက္ခဏာဖြစ်ပြီး ပုံမှန်အတိုင်း အသက်ရှူနိုင်ဖို့ ထပ်ကာထပ်ကာ ကြိုးစားလေ့ ရှိတဲ့ အခြေအနေပါ။

► ဘာလုပ်သင့်သလဲ

ကိုယ်အလေးချိန် များတာက အိပ်စက်ချိန်မှာ အသက်ရှူလမ်းကြောင်းအပေါ် ဖိအားသက်ရောက်မှု ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရင်း ခဏတာ အသက်ရှူရပ်ရတာ ဖြစ်ပြီး သက်သာဖို့အတွက်ဆိုရင် ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးဖို့ လိုပါတယ်။

(၇) စိတ်ဓာတ်ကျ ရောဂါ

စိတ်ဓာတ်ကျတာနဲ့ မောပန်းနုံးချည့်တာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဝေဒနာတွေပါ။ စိတ်ဓာတ်ကျနေတဲ့ လူတွေက သူများတွေထက် လေးဆလောက် ပိုပြီး မောပန်း နုံးချည့်မှု ဖြစ်စေနိုင်သလို မောပန်းနုံးချည့်တဲ့ သူတွေကလည်း စိတ်ဓာတ်ကျနိုင်ခြေ သုံးဆ ပိုများပါတယ်။

► ဘာလုပ်သင့်သလဲ

စိတ်ဓာတ်ကျရောဂါကို ကုသမှုခံယူတာက သင့်ကို စွမ်းအင်တွေ ပိုရှိစေကာ လန်းဆန်းနေပါလိမ့်မယ်။ သင်ဘယ်လို ခံစားရတယ်ဆိုတာကို ဆရာဝန်ကို ပြောပြပါ။ စိတ်ကျ ကုသဆေးနဲ့ နှစ်သိမ့် ဆွေးနွေးမှုတို့ကို ခံယူလိုက်ရင် စိတ်ကျရောဂါက သက်သာသွားမှာ ဖြစ်ပါတယ်။ :Credit

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 553

Healthy Organization, provided by MyHealthcare

Featured on