ကလေးငယ်များအတွက် သတိထားစရာ ချောင်းဆိုးချွဲကျပ်ရောဂါ

(၁) နှာခေါင်း သိ့ုမဟုတ် လည်ချောင်းထဲက ချွဲသလိပ်ဆိုတာ ဘာလဲ?

- နှာခေါင်း၊ လည်ချောင်း၊ အသက်ရှူပြွန်ထဲမှာ အမြဲ စိုစွတ်နေအောင် ခန္ဓာကိုယ်ရဲ့ သဘာဝ အရည်အိတ်လေးတွေက သန့်ရှင်းတဲ့ အရည်တစ်မျိုး အမြဲထုတ်ပေးပါတယ်။

- စက်ရုံ၊ ကား၊ ဆေးလိပ်နဲ့ အခြားလောင်စာမှ ထွက်သော မီးခိုးငွေ့များ၊ ဖုန်များ၊ အန္တရာယ်မကြီးသော virus ဗိုင်းရပ်စ် ပိုးမွှားလေးများနှင့် အန္တရာယ်ရှိသော ဘက်တီးရီးယားများက နှာခေါင်းမှ တဆင့် လည်ချောင်းနှင့် အသက်ရှူ လမ်းကြောင်းထဲ ဝင်ရောက်လာသော အခါ ခန္ဓာကိုယ်က ထုတ်နေကျ အရည်ကြည်ကို တိုးထုတ်ပါတယ်။ ညစ်ညမ်းမှုကိုဆေးကြောပေးချင်လို့ပါ။

- ကိုယ်ခံအားလို့ အမြဲပြောတဲ့ ခန္ဓာကိုယ်တွင်းက သွေးဖြူဥလေးများက နှာခေါင်းလည်ချောင်းထဲ ရန်သူဝင်လာတာနဲ့ စတင်တိုက်ခိုက်ပါတယ်။ ရန်သူဘက်က ပိုးမွှားများရော သွေးဖြူဥများရော အတုံးအရုံးသေဆုံးကြပါတယ်။

- နောက်ဆုံးတော့ ဝင်လာတဲ့ ဖုန်၊ မီးခိုးငွေ့၊ ပိုးမွှားအသေများ၊ ကျဆုံးသွားသော သွေးဖြူဥလေးများဟာ တိုးထုတ်ထားသော အရည်ကြည်နဲ့ ပေါင်းစည်းပြီး ချွဲသလိပ်အနေနဲ့ ထွက်လာပါတယ်။

(၂) ချွဲသလိပ် မထွက်အောင် ကာကွယ်ဖို့က ဘာအရေးကြီးလဲ။

ပတ်ဝန်းကျင် လေထု သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးပါ။ လူကြီးများ ချောင်းဆိုးနှာချေလျှင် တစ်ရှူးနှင့်ကာပါ။ ကလေးကို မကိုင်တွယ်ခင် လက်မှန်မှန်ဆေးပါ။ ကလေး ပတ်ဝန်းကျင် မီးခိုးငွေ့ကင်းဝေးပါစေ။**

(၃) ကလေးငယ်များ ချွဲကျပ်ခဲ့သော်

- ဆား လက်ဖက်ရည် တစ်ဇွန်းကို ဆူအောင်တည်ထားသော ရေနွေး ၅၀၀ ml နှင့်ရောပြီး အအေးခံပြီးလျှင် နှာခေါင်းပေါက်များထဲ ၁စက် ၂စက်စီ ၂ - ၃ နာရီခြားထည့်ပေးလို့ရပါသည်။

- ရေနွေးနွေးနှင့် ရေမကြာခဏ ချိုးပေးခြင်း

- ကလေးငယ် အိပ်သော အနီးအနားတွင် ရေနွေးဇလုံ ချထားခြင်း ဖြင့် ရေနွေးငွေ့ဖြင့် ချွဲပျော်နိုင်စေပါသည်။

- ဖွံ့ဖြိုးသော နိုင်ငံကြီးများမှာ ရေနွေးငွေ့ ထုတ်ပေးသော စက်သေးသေး ကလေးများကို ချွဲကျပ်သောကလေးများအတွက် သုံးရန် ထုတ်ပါသည်။

-ကလေးကြီးများ ချွဲကျပ်ခဲ့သော် ရေနွေး မကြာခဏ သောက်ခြင်း၊ ဆားရည်နှင့် ပလုပ်ကျင်းခြင်းဖြင့် ချွဲ ပျော်နိုင်စေနိုင်ပါမည်။

နှာခေါင်းပိတ် ချွဲကျပ်ခြင်း ၄ ပတ်ကျော်လျှင် အဖျား ၁၀၂ ထက်ကြီးလျှင်၊ နားပြည်ယိုလျှင်၊ အသက်ရှူ အလွန်မြန်လျှင်၊ အစာမစားလျှင် ဆရာဝန်နှင့်ပြပါ။

မွေးရာပါ အဆုတ်လေပြွန်များရောဂါရှိလျှင် ချွဲပိတ်ဆိုးလွန်းသည်။ ကိုယ်အလေးချိန် ကျသည်။ ကလေးအထူးကုနှင့် အချိန်မီ ပြဖို့လိုသည်။ အလွန်ရှားပါသည်။ Credit : နေနေမိုးဆွေ (Child Health Myanmar)

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

#MyHealthcare #HealthPlatformforMyanmar #ChildHealthcare

Page views: 4,668

Healthy Organization, provided by MyHealthcare

Featured on